အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။ ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။ ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။ မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန် ကိုယ်တော်သည်သက်သေများအဖြစ် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။ ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။ ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။ ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။ အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။ သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။ သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။ အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။ တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။ ``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။ ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။ ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။ ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။ သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။ သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။ ``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။ မိမိ၏ညီရင်းအစ်ကိုများကိုပင်လျှင်အစဉ် ပြစ်တင်စွပ်စွဲတတ်၏။ သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။ ``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
ဆာလံ 50 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 50:1-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ