အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ငါသည်ထာဝရဘုရားအား တောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။ သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။ သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။ ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။ ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။ ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။ ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။ ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။ ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။ ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။ ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။ ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။ ထာဝရဘုရားသည်ကောင်းကင်ဘုံမှ လက်တော်ကိုဆန့်တော်မူပြီးလျှင် ငါ့ကိုကိုင်ဆွဲတော်မူ၍ရေနက်ကြီးထဲမှ ငါ့ကိုဆယ်တင်တော်မူ၏။ ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။ ငါဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။ ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။ ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။ ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။ ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်တရားမျှတစွာပြုကျင့်သဖြင့် လည်းကောင်း ကိုယ်တော်သည်ငါ့အားကောင်းကျိုးကို ပေးသနားတော်မူ၏။
ဆာလံ 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 18:1-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို