သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။ ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။ အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။ သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။ ဤမည်သောအမှုတို့ကိုအဘယ်သို့ပြုရ မည်ကို သိနိုင်ရန် အသိပညာနှင့်ဉာဏ်ပညာများကိုရရှိ နိုင်ရန် ကိုယ်တော်သည် အဘယ်သူနှင့်တိုင်ပင်တော်မူပါသနည်း။ ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။ သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။ လေဗနုန်တောတွင်ရှိသမျှသောတိရစ္ဆာန်တို့ သည် ငါတို့ဘုရားသခင်အားယဇ်ပူဇော်ရန်အတွက် မလုံလောက်။ ထိုတောမှသစ်ပင်တို့သည်လည်းမီးမွှေးရန်အတွက် မလုံလောက်။ လူမျိုးတကာတို့သည်ကိုယ်တော်၏ရှေ့တော်၌ အချည်းနှီးသာဖြစ်ကြ၏။ ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။ ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။ ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။ သူသည်မြဲမြံစွာရပ်တည်နိုင်သည့် ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။ ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။ သင်တို့မကြားဘူးကြမသိကြပါသလော။ ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။ ကိုယ်တော်သည်တန်ခိုးကြီးသောဘုရင်တို့ကို ဖြုတ်ချတော်မူ၍၊ ထိုသူတို့ကိုမရေရာသောသူများအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။ သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။ မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။ မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။ အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။ ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။ ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။ အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။ သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
ဟေရှာယ 40 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 40:12-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ