YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက် 4:10-23

ထွက်​မြောက် 4:10-23 BCL

သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။- သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​မျက်​ထွက်​၍``သင်​၌​လေ​ဝိ​အ​မျိုး​သား အစ်​ကို​အာ​ရုန်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည် နှုတ်​သတ္တိ​ကောင်း​သူ​ဖြစ်​ကြောင်း​ငါ​သိ​၏။ သူ သည်​သင်​နှင့်​အ​လွန်​တွေ့​လို​၍ ယ​ခု​ပင်​လျှင် သင့်​ထံ​သို့​လာ​နေ​ပြီ။- သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။- သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။- တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။ မော​ရှေ​သည်​မိ​ဒျန်​ပြည်​၌​ရှိ​စဉ်၊ ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် လော့။ သင့်​ကို​သတ်​လို​သူ​အ​ပေါင်း​တို့​သည် အ​နိစ္စ​ရောက်​ကြ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​မော​ရှေ​သည်​သူ​၏​မ​ယား​နှင့်​သား တို့​ကို​မြည်း​ပေါ်​တွင်​တင်​၍၊ ထာ​ဝ​ရ​ဘု​ရား ဆောင်​ထား​စေ​သော​တောင်​ဝှေး​ကို​လက်​ထဲ​တွင် ကိုင်​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​ခဲ့ လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။- ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။- ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။