မာကု 10
10
လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းအကြောင်း ဆွေးနွေးခြင်း
1ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။
2ထိုအခါ ဖာရိရှဲတချို့သည် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လိုသဖြင့် မေးလျှောက်ကြ၏။
3ယေရှုက “ကွာရှင်းခြင်းနှင့်ပတ်သက်၍ သင်တို့ကို မောရှေက မည်သို့ညွှန်ကြားထားသနည်း” ဟု ပြန်၍ မေးတော်မူ၏။
4ထိုသူတို့က “ကွာရှင်းစာချုပ်ကို ဇနီးအားပေး၍ ကွာစေရန် မောရှေက ခွင့်ပြုထားပါ၏#10:4 တရား ၂၄:၁။” ဟု ဖြေကြားကြ၏။
5ယေရှုက “ဤသို့ မောရှေခွင့်ပြုရခြင်းမှာ သင်တို့သည် အလွန်ခေါင်းမာကြသောကြောင့်ဖြစ်၏။ 6သို့သော် ဖန်းဆင်းတော်မူခြင်း အစဦးကပင် ‘ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူ၏။’#10:6 က ၁:၂၇၊ ၅:၂။ 7‘ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် 8သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်။’#10:8 က ၂:၂၄။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်ဦးတည်းဖြစ်ကြ၏။ 9ဘုရားသခင် ပေါင်းဖက်စေတော်မူသောသူတို့ကို မည်သူကမျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
10ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ အိမ်ထဲ၌ ရှိစဉ် တပည့်တော်တို့က ထိုအကြောင်းအရာကို တစ်ဖန်မေးလျှောက်ကြ၏။
11ယေရှုက “ခင်ပွန်းဖြစ်သူသည် မိမိဇနီးကို ကွာရှင်းကာ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပါက သူသည် မိမိမယားကို ပြစ်မှား၍ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ 12ထိုနည်းတူ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းကို ကွာရှင်းကာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်ပါက ထိုအမျိုးသမီးသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ကလေးငယ်များကို ကောင်းချီးပေးတော်မူခြင်း
13တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
14ယေရှုသည် ထိုအခြင်းအရာကို မြင်သောအခါ တပည့်တော်တို့ကို အမျက်တော်ထွက်၍ “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်၏။ 15သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။ 16ထို့နောက် ကိုယ်တော်သည် ကလေးငယ်များကို ပွေ့ချီကာ သူတို့ခေါင်းပေါ်၌ လက်တော်တင်၍ ကောင်းချီးပေးတော်မူ၏။
ချမ်းသာကြွယ်ဝသောသူ
17ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
18ယေရှုက “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ မကောင်းမြတ်ပါ။ 19‘လူ့အသက် မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူခြင်း မပြုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော”#10:19 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀။ ဟု မိန့်တော်မူ၏။
20ထိုသူကလည်း “ဆရာတော်… အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
21ယေရှုသည် ထိုသူကို ကြည့်လျက် မေတ္တာထားတော်မူသဖြင့် “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သွားလော့။ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22သို့သော် ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် မျက်နှာညိုး၍ စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
23ထိုအခါ ယေရှုသည် တပည့်တော်တို့ရှိရာပတ်ပတ်လည်လည် ကြည့်တော်မူပြီးလျှင် “ချမ်းသာသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။ 24တပည့်တော်တို့သည် ယေရှု၏စကားတော်ကို ကြားလျှင် အံ့သြကြ၏။ တစ်ဖန် ယေရှုက “ချစ်သားတို့… ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန် အလွန်ခဲယဉ်း၏။ 25ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်ထဲသို့ လျှိုဝင်ရန် ပို၍လွယ်ကူသည်” ဟု မိန့်တော်မူ၏။
26တပည့်တော်တို့သည် အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
27ယေရှုသည် သူတို့ကို စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
29ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ တစ်စုံတစ်ဦးသည် ငါ့အတွက်သော်လည်းကောင်း၊ သတင်းကောင်းအတွက်သော်လည်းကောင်း မိမိအိမ်၊ မြေ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများကို စွန့်လွှတ်လျှင် 30သူသည် ဤဘဝ၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့်တကွ အဆတစ်ရာမျှသော အိမ်များ၊ မြေများ၊ ညီအကိုမောင်နှမများ၊ မိခင်များ၊ သားသမီးများကို ရရှိလိမ့်မည်။ ထို့ပြင် နောင်ဘဝတွင်လည်း ထာဝရအသက်ကို ရရှိလိမ့်မည်။ 31သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်အကြောင်းကို ထပ်မံ၍ ကြိုတင်ဟောတော်မူခြင်း
32သူတို့သည် ဂျေရုဆလင်မြို့သို့ တက်သွားကြစဉ် ယေရှုသည် သူတို့ရှေ့မှ ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့အားသင့်ကြ၏။ နောက်တော်မှ လိုက်သော လူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်တို့အား သီးခြားခေါ်တော်မူ၍ 33“နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသား#10:33 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများလက်သို့ အပ်ခြင်းခံရမည်။ သူတို့သည် သူ့ကို သေဒဏ်ပေးကြလိမ့်မည်။ လူမျိုးခြားတို့၏လက်သို့လည်း အပ်နှံကြလိမ့်မည်။ 34သူတို့သည် လူသားကို ပြက်ရယ်ပြု၍ တံတွေးနှင့် ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး အသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟူ၍ မိမိ၌ ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို မိန့်တော်မူ၏။
သူတစ်ပါးကို အစေခံခြင်းအကြောင်း သွန်သင်တော်မူခြင်း
35ထို့နောက် ဇေဗေဒဲ၏သားများဖြစ်သော ယာကုပ်နှင့် ယောဟန်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဆရာတော်… အကျွန်ုပ်တို့ကို ကျေးဇူးတစ်ခုပြုတော်မူပါ” ဟု လျှောက်ကြ၏။
36ယေရှုက “သင်တို့အတွက် မည်သည့်အရာကို ပြုလုပ်ပေးစေလိုသနည်း” ဟု မေးတော်မူ၏။
37သူတို့က “အရှင်သည် ဘုန်းကြီးသောပလ္လင်၌ ထိုင်၍ စိုးစံသောအခါ အရှင့်လက်ဝဲတော်ဘက်၌တစ်ယောက်၊ အရှင့်လက်ယာတော်ဘက်၌တစ်ယောက် ထိုင်ခွင့်ပေးတော်မူပါ” ဟု လျှောက်ကြ၏။
38သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့် ဒုက္ခဝေဒနာခွက်ကို သောက်ရန်နှင့် ငါခံယူရမည့် နှစ်ခြင်းမင်္ဂလာကို ခံယူရန် သင်တို့ တတ်နိုင်ကြသလော” ဟု မေးတော်မူလျှင် 39သူတို့က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှုက “သင်တို့သည် ငါ့ခွက်ကို အမှန်သောက်ကြရမည်။ ငါခံယူရမည့်နှစ်ခြင်းမင်္ဂလာကိုလည်း ခံယူကြရမည်။ 40သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။
41ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ကြားသော် ယာကုပ်နှင့် ယောဟန်တို့အား ဒေါသထွက်ကြ၏။ 42ထိုအခါ ယေရှုသည် တပည့်တော်တို့အား မိမိထံသို့ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။ 43သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။ 44အထွတ်အမြတ်ဖြစ်လိုသောသူသည် အားလုံး၏ ကျွန်ဖြစ်ရမည်။ 45အဘယ်ကြောင့်ဆိုသော် လူသားပင်လျှင် သူတစ်ပါးကို စေခိုင်းရန် ကြွလာသည်မဟုတ်ဘဲ သူတစ်ပါးကို အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများကို ရွေးနုတ်ရန် ကြွလာသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
မျက်မမြင်ဗာတိမဲကို မျက်စိပြန်မြင်စေတော်မူခြင်း
46ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် ဂျေရိခေါမြို့သို့ ရောက်ကြ၏။ ထိုမြို့မှ ထွက်ခွာတော်မူစဉ် လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ တိမဲ၏ သား ဗာတိမဲအမည်ရှိသောမျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းဘေးတွင် ထိုင်နေ၏။ 47နာဇရက်မြို့သားယေရှု ရောက်ရှိတော်မူကြောင်းကို ကြားသောအခါ ဗာတိမဲက “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
48လူတို့က သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
49ယေရှုသည် အော်သံကို ကြားတော်မူသောအခါ ရပ်တော်မူ၍ “သူ့ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။ 50ဗာတိမဲသည်လည်း မိမိဝတ်ရုံကို လွင့်ပစ်၍ အလျင်အမြန်ထပြီးလျှင် ယေရှုထံတော်သို့ သွားလေ၏။
51ယေရှုက “သင့်အတွက် မည်သို့ပြုစေလိုသနည်း” ဟု မေးတော်မူသော် မျက်မမြင်က “ဆရာတော်#10:51 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… အကျွန်ုပ်မျက်စိကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
52ယေရှုက “သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထိုသူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ယေရှုကြွတော်မူရာလမ်းတွင် နောက်တော်မှ လိုက်လေ၏။
လက်ရှိရွေးချယ်ထားမှု
မာကု 10: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.