YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာကု 10

10
လက်ထပ်ခြင်း​နှင့် ကွာရှင်းခြင်း​အကြောင်း ဆွေးနွေးခြင်း
1ထို့နောက် ကိုယ်တော်​သည် ကပေရနောင်မြို့​မှ ထွက်ခွာ​၍ ယုဒပြည်​သို့ ကြွတော်မူ​ပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်း​သို့ ကြွတော်မူ၏။ လူထုကြီး​သည်လည်း ကိုယ်တော်​ထံသို့ တစ်ဖန်​စုဝေးလာကြ၏။ ကိုယ်တော်​သည်လည်း ယခင်​နည်းတူ သူတို့​ကို ဟောပြော​သွန်သင်တော်မူ၏။
2ထိုအခါ ဖာရိရှဲ​တချို့​သည် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လို​သဖြင့် မေးလျှောက်ကြ၏။
3ယေရှု​က “ကွာရှင်းခြင်း​နှင့်ပတ်သက်​၍ သင်တို့​ကို မောရှေ​က မည်သို့​ညွှန်ကြားထားသနည်း” ဟု ပြန်​၍ မေးတော်မူ၏။
4ထို​သူတို့​က “ကွာရှင်းစာချုပ်​ကို ဇနီး​အား​ပေး​၍ ကွာ​စေရန် မောရှေ​က ခွင့်ပြုထားပါ၏#10:4 တရား ၂၄:၁။” ဟု ဖြေကြားကြ၏။
5ယေရှု​က “ဤသို့ မောရှေ​ခွင့်ပြုရခြင်း​မှာ သင်တို့​သည် အလွန်​ခေါင်းမာကြ​သောကြောင့်​ဖြစ်၏။ 6သို့သော် ဖန်းဆင်းတော်မူခြင်း အစဦး​ကပင် ‘ဘုရားသခင်​သည် ယောက်ျား​နှင့် မိန်းမ​ကို ဖန်ဆင်းတော်မူ၏။’#10:6 က ၁:၂၇၊ ၅:၂။ 7‘ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် 8သူတို့​နှစ်ဦး​သည် တစ်သားတည်း​ဖြစ်ကြ​လိမ့်မည်။’#10:8 က ၂:၂၄။ သို့ဖြစ်၍ သူတို့​သည် နှစ်ဦး​မဟုတ်တော့ဘဲ တစ်ဦးတည်း​ဖြစ်ကြ၏။ 9ဘုရားသခင် ပေါင်းဖက်စေတော်မူသော​သူတို့​ကို မည်သူ​ကမျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
10ထို့နောက် ယေရှု​သည် တပည့်တော်တို့​နှင့်အတူ အိမ်ထဲ​၌ ရှိ​စဉ် တပည့်တော်တို့​က ထို​အကြောင်းအရာ​ကို တစ်ဖန်​မေးလျှောက်​ကြ၏။
11ယေရှု​က “ခင်ပွန်း​ဖြစ်သူ​သည် မိမိ​ဇနီး​ကို ကွာရှင်း​ကာ အခြား​အမျိုးသမီး​တစ်ဦး​နှင့် လက်ထပ်​ပါက သူ​သည် မိမိ​မယား​ကို ပြစ်မှား​၍ အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။ 12ထို​နည်းတူ အမျိုးသမီး​တစ်ဦး​သည် မိမိ​ခင်ပွန်း​ကို ကွာရှင်းကာ အခြား​အမျိုးသား​တစ်ဦး​နှင့် လက်ထပ်ပါ​က ထို​အမျိုးသမီး​သည်လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ကလေးငယ်များ​ကို ကောင်းချီးပေးတော်မူခြင်း
13တစ်နေ့​တွင် အချို့​မိဘများ​သည် မိမိတို့​၏​သားသမီးများ​ကို ကိုယ်တော်​၏​လက်တော်​ဖြင့် တို့ထိ​၍ ကောင်းချီးပေးတော်မူ​စေရန် ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့​သည် ထို​သူတို့​ကို ဟန့်တားကြ၏။
14ယေရှု​သည် ထို​အခြင်းအရာ​ကို မြင်​သောအခါ တပည့်တော်တို့​ကို အမျက်တော်ထွက်​၍ “ကလေးငယ်များ ငါ့​ထံ​လာပါစေ။ သူတို့​ကို မတားကြနှင့်။ ဘုရားသခင်​၏​နိုင်ငံတော်​သည် ထိုသို့သော​သူတို့​၏ နိုင်ငံတော်​ဖြစ်၏။ 15သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို ကလေးငယ်​ကဲ့သို့ မခံယူသော​သူ​သည် ထို​နိုင်ငံတော်​သို့ မည်သည့်​အခါမျှ ဝင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။ 16ထို့နောက် ကိုယ်တော်​သည် ကလေးငယ်များ​ကို ပွေ့ချီ​ကာ သူတို့​ခေါင်းပေါ်​၌ လက်တော်​တင်​၍ ကောင်းချီးပေးတော်မူ၏။
ချမ်းသာကြွယ်ဝသော​သူ
17ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ ခရီးပြု​ရန် ထွက်ခွာတော်မူ​သောအခါ လူတစ်ဦး​သည် ကိုယ်တော်​ထံသို့ ပြေးလာ​၍ ဒူးထောက်​ပြီးလျှင် “ကောင်းမြတ်သော​ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သို့​ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
18ယေရှု​က “ငါ့​ကို ကောင်းမြတ်သည်​ဟု အဘယ်ကြောင့်​ဆိုသနည်း။ ဘုရားသခင်​မှတစ်ပါး မည်သူ​မျှ မကောင်းမြတ်ပါ။ 19‘လူ့​အသက် မသတ်နှင့်။ သူတစ်ပါး​သားမယား​ကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သော​သက်သေ​ကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူ​ခြင်း မပြုနှင့်။ မိဘ​ကို ရိုသေလော့’ ဟူသော ပညတ်တော်​ကို သင်​သိသည်​မဟုတ်လော”#10:19 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀။ ဟု မိန့်တော်မူ၏။
20ထို​သူ​ကလည်း “ဆရာတော်… အကျွန်ုပ်​သည် ဤ​ပညတ်တော်​အားလုံး​ကို ငယ်စဉ်​ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
21ယေရှု​သည် ထို​သူ​ကို ကြည့်​လျက် မေတ္တာထားတော်မူ​သဖြင့် “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သွားလော့။ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22သို့သော် ထို​သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် မျက်နှာညိုး​၍ စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။
23ထိုအခါ ယေရှု​သည် တပည့်တော်တို့​ရှိရာ​ပတ်ပတ်လည်လည် ကြည့်တော်မူ​ပြီးလျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။ 24တပည့်တော်တို့​သည် ယေရှု​၏​စကားတော်​ကို ကြား​လျှင် အံ့သြကြ၏။ တစ်ဖန် ယေရှု​က “ချစ်သားတို့… ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန် အလွန်​ခဲယဉ်း၏။ 25ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်နဖားပေါက်​ထဲသို့ လျှိုဝင်​ရန် ပို၍​လွယ်ကူသည်” ဟု မိန့်တော်မူ၏။
26တပည့်တော်တို့​သည် အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်ခြင်း​ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
27ယေရှု​သည် သူတို့​ကို စူးစိုက်​ကြည့်တော်မူ​၍ “ဤ​အမှု​ကို လူ​မတတ်နိုင်​သော်လည်း ဘုရားသခင်​တတ်နိုင်တော်မူ၏။ ဘုရားသခင်​သည် အရာ​အားလုံး​ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28ထိုအခါ ပေတရု​က “အကျွန်ုပ်တို့​သည် အရာ​အားလုံး​ကို စွန့်​၍ နောက်တော်သို့ လိုက်ကြပါပြီ” ဟု လျှောက်လေ၏။
29ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ တစ်စုံတစ်ဦး​သည် ငါ့​အတွက်​သော်လည်းကောင်း၊ သတင်းကောင်း​အတွက်​သော်လည်းကောင်း မိမိ​အိမ်၊ မြေ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင် သားသမီးများ​ကို စွန့်လွှတ်​လျှင် 30သူ​သည် ဤ​ဘဝ​၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်း​နှင့်တကွ အဆတစ်ရာ​မျှသော အိမ်များ၊ မြေများ၊ ညီအကို​မောင်နှမများ၊ မိခင်များ၊ သားသမီးများ​ကို ရရှိ​လိမ့်မည်။ ထို့ပြင် နောင်ဘဝ​တွင်လည်း ထာဝရ​အသက်​ကို ရရှိ​လိမ့်မည်။ 31သို့ရာတွင် ယခု အကြီးမြတ်ဆုံးသော​သူတို့​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူတို့​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ၍ ကြိုတင်​ဟောတော်မူခြင်း
32သူတို့​သည် ဂျေရုဆလင်မြို့​သို့ တက်သွားကြ​စဉ် ယေရှု​သည် သူတို့​ရှေ့မှ ကြွတော်မူ၏။ တပည့်တော်တို့​သည်လည်း အံ့အားသင့်ကြ၏။ နောက်တော်​မှ လိုက်သော လူတို့​သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ယေရှု​သည် တပည့်တော်တို့​အား သီးခြား​ခေါ်တော်မူ​၍ 33“နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား#10:33 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​လက်​သို့ အပ်ခြင်း​ခံရမည်။ သူတို့​သည် သူ့​ကို သေဒဏ်​ပေးကြ​လိမ့်မည်။ လူမျိုးခြားတို့​၏​လက်​သို့လည်း အပ်နှံကြ​လိမ့်မည်။ 34သူတို့​သည် လူသား​ကို ပြက်ရယ်ပြု​၍ တံတွေး​နှင့် ထွေးကြ​လိမ့်မည်။ ကြိမ်ဒဏ်ပေး​၍ ရိုက်နှက်ကြပြီး အသေသတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟူ၍ မိမိ​၌ ဖြစ်ပျက်မည့်​အကြောင်းအရာတို့​ကို မိန့်တော်မူ၏။
သူတစ်ပါး​ကို အစေခံခြင်း​အကြောင်း သွန်သင်တော်မူခြင်း
35ထို့နောက် ဇေဗေဒဲ​၏​သားများ​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ “ဆရာတော်… အကျွန်ုပ်တို့​ကို ကျေးဇူး​တစ်ခု​ပြုတော်မူပါ” ဟု လျှောက်ကြ၏။
36ယေရှု​က “သင်တို့​အတွက် မည်သည့်​အရာ​ကို ပြုလုပ်ပေး​စေလိုသနည်း” ဟု မေးတော်မူ၏။
37သူတို့​က “အရှင်​သည် ဘုန်းကြီးသော​ပလ္လင်​၌ ထိုင်​၍ စိုးစံ​သောအခါ အရှင့်​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ အရှင့်​လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်ကြ၏။
38သို့သော် ယေရှု​က “သင်တို့​သည် မည်သည့်​အရာ​တောင်းသည်​ကို သင်တို့​မသိကြ။ ငါ​သောက်မည့် ဒုက္ခဝေဒနာ​ခွက်​ကို သောက်​ရန်​နှင့် ငါ​ခံယူရ​မည့် နှစ်ခြင်းမင်္ဂလာ​ကို ခံယူ​ရန် သင်တို့ တတ်နိုင်ကြသလော” ဟု မေးတော်မူ​လျှင် 39သူတို့​က “အကျွန်ုပ်တို့ တတ်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှု​က “သင်တို့​သည် ငါ့​ခွက်​ကို အမှန်​သောက်ကြရမည်။ ငါ​ခံယူရမည့်​နှစ်ခြင်းမင်္ဂလာ​ကိုလည်း ခံယူကြရမည်။ 40သို့ရာတွင် ငါ​၏ လက်ဝဲ​နှင့်​လက်ယာ တစ်ဖက်စီ​၌ ထိုင်ခွင့်​ကို ငါ​ပေးသည်​မဟုတ်။ ထို​နေရာများ​ကို ငါ​၏ ခမည်းတော်​သည် မိမိ​ရွေးချယ်တော်မူသော​သူများ​အတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။
41ထို​အကြောင်း​ကို ကျန်​တပည့်တော်​ဆယ်ပါး​တို့​ကြား​သော် ယာကုပ်​နှင့် ယောဟန်​တို့​အား ဒေါသထွက်ကြ၏။ 42ထိုအခါ ယေရှု​သည် တပည့်တော်တို့​အား မိမိ​ထံသို့ ခေါ်​လျက် “လူမျိုးခြားများ​၏​အစိုးရမင်းတို့​သည် လူများ​အပေါ် အုပ်စိုးခြယ်လှယ်​တတ်ကြ၏။ အကြီးအမှူးတို့​သည်လည်း မိမိ​လက်အောက်တွင်​ရှိသော လူများ​အပေါ် အာဏာပြတတ်ကြ၏။ 43သင်တို့​ကမူ ထိုသို့​မပြုကြနှင့်။ သင်တို့​အထဲတွင် ခေါင်းဆောင်​ဖြစ်လိုသူ​သည် သင်တို့​၏ အစေခံ​ဖြစ်ရမည်။ 44အထွတ်အမြတ်​ဖြစ်လိုသော​သူ​သည် အားလုံး​၏ ကျွန်​ဖြစ်ရမည်။ 45အဘယ်ကြောင့်ဆိုသော် လူသား​ပင်လျှင် သူတစ်ပါး​ကို စေခိုင်း​ရန် ကြွလာသည်​မဟုတ်ဘဲ သူတစ်ပါး​ကို အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​ကို ရွေးနုတ်​ရန် ကြွလာ​သောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူ၏။
မျက်မမြင်​ဗာတိမဲ​ကို မျက်စိပြန်မြင်စေတော်မူခြင်း
46ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် ဂျေရိခေါမြို့​သို့ ရောက်ကြ၏။ ထို​မြို့​မှ ထွက်ခွာတော်မူ​စဉ် လူအုပ်ကြီး​သည် နောက်တော်​သို့ လိုက်ကြ၏။ တိမဲ​၏ သား ဗာတိမဲ​အမည်ရှိသော​မျက်မမြင် သူတောင်းစား​တစ်ယောက်​သည် လမ်းဘေး​တွင် ထိုင်နေ၏။ 47နာဇရက်မြို့သား​ယေရှု ရောက်ရှိတော်မူကြောင်း​ကို ကြား​သောအခါ ဗာတိမဲ​က “ဒါဝိဒ်မင်း​၏​သားတော် ယေရှု… အကျွန်ုပ်​ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
48လူတို့​က သူ့​ကို တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်ကြ​သော်လည်း သူ​သည် ပို၍​ကျယ်သော​အသံ​ဖြင့် “ဒါဝိဒ်မင်း​၏​သားတော် ယေရှု… အကျွန်ုပ်​ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
49ယေရှု​သည် အော်သံ​ကို ကြားတော်မူ​သောအခါ ရပ်တော်မူ​၍ “သူ့​ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့​က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်​သည် သင့်​ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။ 50ဗာတိမဲ​သည်လည်း မိမိ​ဝတ်ရုံ​ကို လွင့်ပစ်​၍ အလျင်အမြန်​ထ​ပြီးလျှင် ယေရှု​ထံတော်သို့ သွားလေ၏။
51ယေရှု​က “သင့်​အတွက် မည်သို့​ပြု​စေလိုသနည်း” ဟု မေးတော်မူ​သော် မျက်မမြင်​က “ဆရာတော်#10:51 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… အကျွန်ုပ်​မျက်စိ​ကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
52ယေရှု​က “သွားလော့။ သင်​၏ ယုံကြည်ခြင်း​သည် သင့်​ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထို​သူ​သည် ချက်ချင်း​မျက်စိ​ပြန်မြင်​သဖြင့် ယေရှု​ကြွတော်မူရာ​လမ်း​တွင် နောက်တော်​မှ လိုက်လေ၏။

လက်ရှိရွေးချယ်ထားမှု

မာကု 10: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ