YouVersion လိုဂို
ရှာရန် အိုင်ကွန်

သီချင်း 5

5
1ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။
ခွဲ​ခွာ​ရ​ခြင်း၏​သော​က
2ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။ 3ကျွန်​မ​သည် အ​ဝတ်​ကို​ချွတ်​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဝတ်​ပြန်​ရ​မည်​နည်း။ ခြေ​ကို​လည်း​ဆေး​ပါ​ပြီ။ တစ်​ဖန်​ညစ်​အောင် အ​ဘယ်​ကြောင့် ပြု​ရ​ပါ​မည်​နည်း။ 4ငါ​ချစ်​ရာ​သ​ခင်​သည် လက်​တော်​ကို တံ​ခါး​ပေါက်​အ​ထဲ​သို့ သွင်း​တော်​မူ​သည်​ဖြစ်၍၊ သူ့​ကို​ချစ်​သ​နား​သော စိတ်​အား​ကြီး​သ​ဖြင့်၊ 5ငါ​ချစ်​ရာ​သ​ခင်​အား တံ​ခါး​ကို​ဖွင့်​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ငါ့​လက်​မှ မု​ရန်​ဆီ၊ ငါ့​လက်​ချောင်း​တို့​မှ ပ​က​တိ​မု​ရန်​ဆီ​သည် တံ​ခါး​ကျင်​တိုင်​ပေါ်​မှာ စက်​စက်​ကျ​လေ၏။ 6ငါ​ချစ်​ရာ​သ​ခင်​အား ငါ​ဖွင့်​သည်​ရှိ​သော်၊ ငါ​ချစ်​ရာ​သ​ခင်​သည် ထွက်​သွား​နှင့်​ပြီ။ စ​ကား​သံ​တော်​ကို စေ့​စေ့ နား​ထောင်​လျက်၊ သ​ခင်​ကို​ငါ​ရှာ​သော်​လည်း မ​တွေ့။ ခေါ်​သော်​လည်း ထူး​တော်​မ​မူ။ 7မြို့​တွင်​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​သော်၊ နာ​ကျင်​စွာ ရိုက်​ကြ၏။ မြို့​ရိုး​စောင့်​တို့​သည် ငါ့​မျက်​နှာ​ဖုံး​ကို လု​ယူ​ကြ၏။ 8အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။
သ​တို့​သ​မီး​အ​လှ​ချီး​မွမ်း​ခန်း
9မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။
10ငါ​ချစ်​ရာ​သ​ခင်​သည် ဖြူ​သော​အ​ဆင်း၊ နီ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ လူ​တစ်​သောင်း​တို့​တွင် အ​ထွတ်​အ​မြတ် ဖြစ်​တော်​မူ၏။ 11ဦး​ခေါင်း​တော်​သည် ရွှေ​စင်​နှင့်​တူ၏။ ဆံ​ပင်​တော်​သည် ထူ​ထပ်၍၊ ကျီး​အ​ဆင်း​ကဲ့​သို့​နက်၏။ 12မျက်​စိ​တော်​တို့​သည် နို့၌​ချိုး​လျက် မြစ်​ရေ​ပေါ်​မှာ ပုံ့​ပုံ့​ကြွ​ကြွ​ဝပ်​သော ချိုး​နှင့်​တူ​ကြ၏။ 13ပါး​တော်​တို့​သည် နံ့​သာ​တော၊ မွှေး​ကြိုင်​သော ပန်း​တော​ကဲ့​သို့​လည်း​ကောင်း၊ နှုတ်​ခမ်း​တော်​တို့​သည် ပ​က​တိ မု​ရန်​ဆီ​ယို​သော နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ 14လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။ 15ခြေ​ထောက်​တော်​တို့​သည် ရွှေ​စင်​ဖိ​နပ်​ပေါ်၌​တည်​သော ကျောက်​ဖြူ​တိုင်​နှင့် တူ​ကြ၏။ မျက်​နှာ​တော်​သည် လေ​ဗ​နုန်​တောင်​ကဲ့​သို့​ဖြစ်၍၊ အာ​ရဇ်​ပင်​ကဲ့​သို့​ထူး​မြတ်​ပေ၏။ 16နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

သီချင်း 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ