ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍ စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။ သူတို့ရိတ်သော လယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည် သင့်ကို မနှောင့်ယှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍ လုလင်ခပ်သောရေကို သောက်တော့ဟု ဆိုလေသော်၊ ရုသသည် မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့်တွေ့ရပါသနည်းဟု လျှောက်လေ၏။ ဗောဇကလည်း၊ သင်၏လင် သေသောနောက်၊ သင်သည် ယောက္ခမအားပြုစုသမျှကိုလည်းကောင်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်က မသိဖူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အား သေချာစွာပြောကြပြီ။ သင့်အမှု၏အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊ ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကိုပြော၍ ကျွန်မကိုနှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။ ဗောဇကလည်း၊ စားသောက်သောအချိန် ရှိပြီ။ လာ၍ မုန့်ကိုစားလော့။ ပုံးရည်၌ စားစရာကို နှစ်လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သောသူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှ ချန်ထားသေး၏။ စပါးကျန်ကိုကောက်ခြင်းငှာ ထသွားသောအခါ၊ ဗောဇသည် လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။ ရုသသည် ထိုလယ်၌ ညဉ့်ဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တစ်ဧဖာခန့်မျှ ရှိ၏။ ထိုဆန်ကိုယူ၍ မြို့ထဲသို့ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသောအရာကိုလည်း ထုတ်၍ပေးသေး၏။ ယောက္ခမကလည်း၊ ယနေ့ အဘယ်မှာစပါးကျန်ကိုကောက်သနည်း။ အဘယ်မှာလုပ်သနည်း။ သင်သိမှတ်သောသူသည် မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ကြားပြောသော်။ ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။
ရုသ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသ 2:8-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ