ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။- ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း၊ ငါ့ကိုကယ်လွှတ်ပြီ။- ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။- အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။- ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။- ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။- အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။- ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ။- သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။- ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။- ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။ သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။- သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။- ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။- အကြောင်းမူကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။- ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။- သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။- ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။- ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- ဘုရားသခင်သားတို့၏ ထူးမြတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
ရောမ 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 8:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ