YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 2:17-29

ရောမ 2:17-29 JBMLE

သင်​သည် ယု​ဒ​လူ​ဟု​သ​မုတ်​ခြင်း​ကို ခံ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို ကိုး​စား​သော​သူ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​သော​သူ၊- အ​လို​တော်​ကို​သိ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို လေ့​ကျက်​သ​ဖြင့် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​သော​သူ​ဖြစ်​သည်​နှင့်၊- လူ​ကန်း​တို့​အား လမ်း​ပြ​သော​သူ၊ မှောင်​မိုက်၌ နေ​သော​သူ​တို့​ကို လင်း​စေ​သော​သူ၊- လူ​မိုက်​တို့​ကို ဆုံး​မ​တတ်​သော​သူ၊ သူ​ငယ်​တို့​ကို နည်း​ပေး​သော​သူ၊ ပ​ညတ်​တ​ရား​တော်​အား​ဖြင့် ပ​ညာ​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း ရိပ်​မိ​သော​သူ​ဖြစ်​သည်​ဟူ၍၊ ကိုယ်​ကို ထင်​မှတ်​တတ်​သည်​မှန်​လျှင်၊- သူ​တစ်​ပါး​ကို​ဆုံး​မ​လျက်​ပင် ကိုယ်​ကို မ​ဆုံး​မ​သ​လော။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်​ဟု တ​ရား​ဟော​လျက်​ပင် ကိုယ်​တိုင်​ခိုး​သ​လော။- သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။- ပ​ညတ်​တ​ရား​တော်​ကို​အ​မှီ​ပြု၍ ဝါ​ကြွား​လျက်​ပင် ထို​တ​ရား​ကို လွန်​ကျူး၍ ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သ​လော။- အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။- သင်​သည် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​ရှိ၏။ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​လျှင်၊ သင်၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ဘဲ ဖြစ်​ပြန်၏။- ထို​မှ​တစ်​ပါး၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည် တ​ရား၌​ပါ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ၏ အ​ရေ​ဖျား​မ​လှီး​ဘဲ​အ​ဖြစ်​ကို အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ်​ကဲ့​သို့ မှတ်​ရ​သည်​မ​ဟုတ်​လော။- အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။- အ​ကြောင်း​မူ​ကား၊ အ​ပြင်​အား​ဖြင့်​သာ ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်​မ​ဟုတ်။ အ​ပြင်​အား​ဖြင့်​သာ ကိုယ်​အ​သား၌ အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​လှီး​ခြင်း အ​မှန်​မ​ဟုတ်။- အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။