ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။- သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။- သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက် လွန်၍မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက်၊ သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။- ဥပမာကား၊ ကိုယ်တစ်ခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှု တစ်ခုတည်းမရှိသကဲ့သို့၊- ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏။- ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည်ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။- ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။- နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။- ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။- အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့ လိုက်၍ အားထုတ်ကြလော့။- မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။- သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား၍ပြုကြလော့။- သင်တို့ကို ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့။ ကျိန်ဆဲခြင်းကိုမပြု၊ မေတ္တာပို့ခြင်းကိုသာ ပြုကြလော့။- ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။- အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။- အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။- သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။- ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။- ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။- အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။
ရောမ 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 12:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ