ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ် မရှိစေမည်အကြောင်း၊ တစ်ပါးအမျိုးသားအပေါင်းတို့သည် မဝင်မီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်း ဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- ထိုသို့ ကျမ်းစာနှင့်အညီ၊ ဣသရေလလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတ္တံ့၊- သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း။- သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။- အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊- သင်တို့သည် အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်းကို ခံရသကဲ့သို့၊- ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။- ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှာ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။ ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။- ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။- ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဖူးသနည်း။- ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အဖို့ အလိုငှာလည်းကောင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
ရောမ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 11:25-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ