သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊- သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်းကောင်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။- အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။- မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဥ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။- ထိုနောက် သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန် ကြောက်ရွံ့ကြ၏။- ကောင်းကင်ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုးတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။- ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုး ဆယ်စုတစ်စုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။- ဒုတိယအမင်္ဂလာ လွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။ သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။- ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာ ထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။- လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။- တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်း ဖြစ်ကြ၏။
ဗျာဒိတ် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 11:7-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ