ငါ၏ကျွန်ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။ သူ့ဘက်မှာ ငါ့လက်သည်တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှဉ်းဆဲရ။ သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။ ငါ၏သစ္စာနှင့် ကရုဏာသည်သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာလည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်မှာလည်းကောင်း ငါတင်၍ထားမည်။ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာကျောက်ဖြစ်တော်မူ၏ဟု ငါ့ကို ကြွေးကြော်လိမ့်မည်။ အကယ်စင်စစ် သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင်ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။ ငါ၏ကရုဏာကို သူ့အဖို့ငါသည် အစဉ်စောင့်၍၊ ငါ၏ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။ သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာသကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။ သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊ ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊ ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။ သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနုတ်မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။ ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။ ငါသည် ဒါဝိဒ်ကိုမလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တစ်ခါကျိန်ဆိုပြီ။ သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။ လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။
ဆာလံ 89 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 89:20-37
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ