အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။ ခြေနင်းရာမရှိ။ နက်လှသောရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သောရေထဲသို့ ရောက်ပါပြီ။ အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက် များကြပါ၏။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသောဥစ္စာကိုပင် ပြန်ပေးရပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကို ရှာသောသူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တစ်မိတည်းသော ပေါက်ဖော်တို့တွင်၊ တစ်ကျွန်းတစ်နိုင်ငံသား ဖြစ်ခဲ့ပါပြီ။ ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။ အကျွန်ုပ်သည်ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။ ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တစ်ဖက်မှာပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဖွဲ့၍ ဆိုတတ်ကြပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှလည်းကောင်း၊ နက်သောရေထဲကလည်းကောင်း လွှတ်ပါစေသော။ ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာပြတော်မူပါ။ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။
ဆာလံ 69 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 69:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို