YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 18:1-32

ဆာလံ 18:1-32 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့​ရောက်၏။ သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍၊ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။ မ​ရ​ဏ​နိုင်​ငံ၏​ကြိုး​တို့​သည် ဝိုင်း၍၊ သေ​မင်း၏​ကျော့​ကွင်း​သည် ငါ့​ကို​ကျော့​မိ​လျက်​ရှိ၏။ ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ​ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့ ဝင်​လေ၏။ ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။ နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။ မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။ ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။ မှောင်​မိုက်​ထဲ​မှာ ပုန်း​ကွယ်​တော်​မူ၍၊ တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော မိုး​တိမ်​တို့​သည် ကိုယ်​တော်​ကို ကာ​ရံ​လျက်​ရှိ​ကြ၏။ ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် တိမ်​ထပ်​တို့​သည် မိုး​သီး​နှင့်​မီး​ခဲ​ပါ​လျက် လွင့်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။ လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။ ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို​ဆယ်​ယူ​တော်​မူ၏။ ငါ့​ကို​မုန်း​သော​သူ​တည်း​ဟူ​သော ငါ​ပြိုင်၍​မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော​ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊ ငါ့​ကို​ကျယ်​ဝန်း​ရာ​အ​ရပ်​သို့ ပို့​ဆောင်​တော်​မူ၏။ ငါ့​ကို နှစ်​သက်​သော​ကြောင့် ကယ်​လွှတ်​တော်​မူ၏။ ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။ စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​မ​ပယ်၊ ရှေ့​တော်​မှာ​ဖြောင့်​မတ်၍၊ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။ ထို​ကြောင့် ရှေ့​တော်​မှာ​ထင်​ရှား​သော ငါ၏​ဖြောင့်​မတ်​ခြင်း၊ လက်​စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို​ပေး​တော်​မူ​ပြီ။ သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း သ​ဘော​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ ထောင်​လွှား​သော မျက်​နှာ​ကို​မူ​ကား ရှုတ်​ချ​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ မီး​ခွက်​ကို​ထွန်း၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍၊ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။ ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။