အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ အကျွန်ုပ်သွားသော လမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။ အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။ ထိုသို့သော ဉာဏ်သည် အံ့ဩဖွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ် မမီနိုင်ပါ။ ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊ ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကိုပို့ဆောင်လျက်၊ လက်ယာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။ အကယ်၍ မှောင်မိုက်သည် ငါ့ကိုဖုံးလွှမ်းမည်ဟု တစ်ဖန်ဆိုလျှင်၊ ညသည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညသည် နေ့ကဲ့သို့လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည်တူပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။ မထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ၊ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။ မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင်၊ ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။
ဆာလံ 139 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 139:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ