အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင်ခြင်းကို ပြုပါပြီ။ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်။ ကိုယ်တော်၏ ကျွန်အဖို့အလိုငှာ အာမခံတော်မူပါ။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့် ယှဉ်သော ဗျာဒိတ်တော်ကိုလည်းကောင်း၊ အကျွန်ုပ်မျက်စိသည်မျှော်၍ အားကုန်ပါပြီ။ ကရုဏာတော်ရှိသည်အတိုင်း၊ ကိုယ်တော်၏ကျွန်၌ပြု၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့ကို နားလည်နိုင်သော ဉာဏ်ကို ပေးသနားတော်မူပါ။ အို ထာဝရဘုရား၊ စီရင်တော်မူချိန် ရောက်ပါပြီ။ သူတစ်ပါးများတို့သည် တရားတော်ကို ပယ်ကြပါ၏။ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက၊ ရွှေစင်ထက် သာ၍ နှစ်သက်ပါ၏။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ်လျက်၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ၏။ သက်သေခံတော်မူချက်တို့သည် အံ့ဩဖွယ်ဖြစ်၍၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ၏။ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့်၊ နှုတ်ကိုဖွင့်၍ ပန်းဟိုက်ပါ၏။ နာမတော်ကိုချစ်သော သူတို့၌ ပြုတော်မူတတ်သည်အတိုင်း၊ အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ။ မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်။ လူတို့၏ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ကိုယ်တော်၏ဥပဒေသများကို စောင့်ပါမည်။ မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်မှာ ထွန်းလင်းစေ၍၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။ သူတစ်ပါးများတို့သည် တရားတော်ကိုမစောင့်သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏။ ထားတော်မူသော သက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏။ ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သောကြောင့်၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏။ နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် နှစ်သက်ပါ၏။ အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်းကို ခံရသောသူဖြစ်ပါ၏။ သို့သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ။ ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားသည် သစ္စာတရားဖြစ်ပါ၏။ ဆင်းရဲညှိုးငယ်ခြင်းသို့ ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏။ သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ ဉာဏ်ကိုပေးသနားတော်မူပါ။
ဆာလံ 119 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 119:121-144
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ