ပျင်းရိသောသဘောသည် လွန်ကျူးစွာ အိပ်ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။ ပညတ်တရားကို စောင့်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်းတို့ကို မထီလေးစား ပြုသောသူမူကား၊ အသေခံရ၏။ ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။ မျှော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမလော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင် အဖန်ဖန် ကယ်နုတ်ရမည်။ နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။ လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။ လူသည် စေတနာရှိလျှင် ကျေးဇူးပြုရာရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသားသုံးသောသူထက် သာ၍ကောင်း၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့် ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့် ကင်းလွတ်လိမ့်မည်။ ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ မခွံ့လို။ မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။ အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။ ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှာ၊ သွန်သင်သောသူ၏စကားကို နားမထောင်နှင့်။ အဓမ္မသက်သေသည် တရားကို မထီမဲ့မြင်ပြုတတ်၏။ မတရားသောသူသည်လည်း၊ ဒုစရိုက်ကိုစား၍ မျိုတတ်၏။ မထီမဲ့မြင်ပြုသောသူတို့အဖို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ကျောအဖို့ ဒဏ်ပေးခြင်းသည် အသင့်ရှိ၏။
သုတ္တံ 19 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 19:15-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို