လူဆိုးတို့သည် သူတော်ကောင်းရှေ့၌လည်းကောင်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌လည်းကောင်း ဦးချတတ်ကြ၏။ ဆင်းရဲသောသူသည် မိမိအိမ်နီးချင်းမုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ မကောင်းသောအကြံကို ကြံတတ်သောသူတို့သည် မှားယွင်းကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကိုခံရကြလိမ့်မည်။ ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ ပညာရှိသောသူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏မိုက်ခြင်းမူကား၊ အမိုက်သက်သက်ဖြစ်၏။ မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။ ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။ ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
သုတ္တံ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 14:19-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို