ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။- ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ၏။- အချင်း ငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။- လူအပေါင်းတို့ရှေ့၌ သင် တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။- အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။- ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။- သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။- ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဖိလိပ္ပိ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ဖိလိပ္ပိ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဖိလိပ္ပိ 4:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ