သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလအမျိုးသား လူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်းစာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာဧဇရကို တောင်းသည်အတိုင်း၊ နားထောင်နားလည်နိုင်သမျှသော ပရိသတ်ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလပထမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ်ဧဇရသည် ဆောင်ခဲ့၍၊ နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဖတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။ သူတို့လုပ်ကြသော တရားဟောရာ သစ်သားပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ယာဘက်၌လည်းကောင်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌လည်းကောင်း ရပ်နေကြ၏။ ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကိုဖွင့်သောအခါ၊ လူအပေါင်းတို့သည် ထကြ၏။ ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရားကို ကောင်းချီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကိုချီလျက်၊ ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။ ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။ ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှာ ပြုကြ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ သွားကြလော့၊ မြိန်စွာသောအစာကို စားကြလော့။ ချိုသောအရည်ကို သောက်ကြလော့။ ဆင်းရဲသောသူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။ ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။ လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။
နေဟမိ 8 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: နေဟမိ 8:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ