တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ၏။- စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး၍ နှုတ်ဆက်ကြ၏။- ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊- လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အသောနတ်အစွဲခံရသော အကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။- နတ်သည် ဖမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာ လှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုပ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်ခြောက်လျက် နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက်၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော်၊- ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊- ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။- သူငယ်ကို သေစေခြင်းငှာ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။- သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။- ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကားအသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တစ်ဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့်တော်မူသဖြင့်၊- နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။- ယေရှုသည် သူ၏လက်ကိုကိုင်၍ ချီကြွတော်မူသဖြင့် သူသည်ထလေ၏။ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု တိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊- ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။
ရှင်မာကု 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 9:14-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ