ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။- ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။- ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။- နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။- ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှ မပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိနေရာသို့ လွှတ်လိုက်လေ၏။ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။ ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။- ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊- ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။ ထိုအခါ တပည့်တော်တို့နှင့် ပရိသတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။
ရှင်မာကု 8 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 8:22-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ