ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဖော်တို့အား နူးညွတ်သောစိတ်ကို ဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။- တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- ချက်ချင်း မိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။- မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊- ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- ယောဟန်၏တပည့်တို့သည်လည်း ကြားသောအခါ လာ၍အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ ထားကြ၏။ တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။- ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။- သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အမြို့မြို့အရွာရွာတို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင်ရောက်၍ အထံတော်၌ စုဝေးကြ၏။- ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။ မိုးချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။- လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဖို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။- ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။- သူတို့သည် တစ်ရာတစ်စု၊ ငါးဆယ်တစ်စု၊ အစုစုလျောင်းကြလျှင်၊- ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။- လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ၊- မုန့်နှင့် ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။- မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှလောက် ရှိသတည်း။
ရှင်မာကု 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 6:21-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ