ထိုအခါ သတင်းတော်ကျော်စောသည် ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။- လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။- အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏။- အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။- ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှာ အလိုရှိ၏။- သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဖော်တို့အား နူးညွတ်သောစိတ်ကို ဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။- တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- ချက်ချင်း မိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။- မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊- ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- ယောဟန်၏တပည့်တို့သည်လည်း ကြားသောအခါ လာ၍အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ ထားကြ၏။
ရှင်မာကု 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 6:14-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ