ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။- ဥပုသ်နေ့ရောက်လျှင် တရားဇရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ ပြနိုင်သနည်း။- သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။- ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- မကျန်းမမာသောသူအချို့တို့ အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတစ်ပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။- ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီ လှည့်လည်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၍၊- သင်တို့သည် တောင်ဝှေးတစ်ခုမှတစ်ပါး လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။- ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- ထိုမှတစ်ပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့။- အကြင်သူတို့သည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ်၊ သူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတ္တံ့ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကို ဟောကြ၏။- နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။ ထိုအခါ သတင်းတော်ကျော်စောသည် ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။- လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။- ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။- အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏။- အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ။- ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှာ အလိုရှိ၏။- သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊- ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဖော်တို့အား နူးညွတ်သောစိတ်ကို ဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ၏။- တစ်ဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။- ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော်၊- ချက်ချင်း မိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။- မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊- ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တစ်ယောက်ကို ချက်ချင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။- ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေးလေ၏။- ယောဟန်၏တပည့်တို့သည်လည်း ကြားသောအခါ လာ၍အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ ထားကြ၏။
ရှင်မာကု 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 6:1-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ