YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:1-29

ရှင်မာကု 6:1-29 JBMLE

ထို​အ​ရပ်​မှ​ကြွ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ​သ​ဖြင့် မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။- ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။- သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။- ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အ​ဆွေ​နေ​ရာ၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။- မ​ကျန်း​မ​မာ​သော​သူ​အ​ချို့​တို့ အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ အ​နာ​ကို​ငြိမ်း​စေ​ခြင်း​မှ​တစ်​ပါး အ​ဘယ်​တန်​ခိုး​တော်​ကို​မျှ ထို​အ​ရပ်၌ ပြ​တော်​မ​မူ​နိုင်။- ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။ တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​လျက်၊ နှစ်​ယောက်​စီ​နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် တောင်​ဝှေး​တစ်​ခု​မှ​တစ်​ပါး လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ လွယ်​အိတ်​နှင့် မုန့်​မှ​စ၍ ခါး​ပန်း၌ ကြေး​ငွေ​ကို မ​ယူ​ကြ​နှင့်။- ခြေ​နင်း​ကို စီး​ကြ​လော့။ အင်္ကျီ​နှစ်​ထပ် မ​ဝတ်​ကြ​နှင့်​ဟု မှာ​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး သင်​တို့​သည် မည်​သည်​အိမ်​သို့​ဝင်​လျှင်၊ ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။- အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။- နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။ ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။- လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။- အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က အ​ရှင်​မင်း​ကြီး​သည် ညီ​တော်၏​ခင်​ပွန်း​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား ဆို​လေ​ပြီ။- ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။- သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။ ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊- ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။- တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊- ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊- ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။

Video for ရှင်မာကု 6:1-29