နောက်တစ်ဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာ နေကြ၏။- ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။- အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။- အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။- ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့် မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။ သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။- မျိုးစေ့ကြဲသောသူသည် တရားစကားကို ကြဲ၏။- တရားစကားကို လမ်း၌ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန်သည် ချက်ချင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊- လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- ကောင်းသောမြေ၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။ ထိုမှတစ်ပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှာ ယူခဲ့သလော။- ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။- ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။ ထိုမှတစ်ပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။- အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင်နုတ်လိမ့်မည်။ ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော် တူ၏။- မြေကြီးသည် မိမိအလိုအလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။- အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။ ထိုမှတစ်ပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်းဟူမူကား၊- မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များ နားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။- ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။
ရှင်မာကု 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 4:1-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ