ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့် အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။- သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊- ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊- ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊- ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တစ်နာရီခန့်မျှ စောင့်နေခြင်းငှာ မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။- သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- ထကြ။ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သောလူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကိုကိုင်လျက် ချက်ချင်းလာကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍ လုံခြုံစွာ ဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ချင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။- ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဖမ်းဆီးကြ၏။- အနား၌ ရပ်နေသော သူတစ်ယောက်သည် ဓားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- ယေရှုကလည်း သင်တို့သည် ဓားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား၊- ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊- ကျမ်းစာပြည့်စုံမည် အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။- ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တစ်ယောက်သည် စောင်တစ်ထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကို ဖမ်းဆီးကြ၏။- သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။ ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။- ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။- လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။- အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊- ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သော ဗိမာန်တော်တစ်ဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။- သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။- ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မေးပြန်လျှင်၊- ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက် အဘယ်သက်သေကို လိုသေးသနည်း။- ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။- ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။ ပေတရုသည် အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါ မိန်းမတစ်ယောက်သည် လာ၍၊- ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။- နောက်တစ်ဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟု ဆိုသော်၊- ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆိုသည်နောက်၊- တစ်ဖန် ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ ငိုကြွေးလေ၏။
ရှင်မာကု 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 14:26-72
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ