YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:26-50

ရှင်မာကု 14:26-50 JBMLE

ထို​နောက် သီ​ချင်း​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။ ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့် အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့၊ ဂါ​လိ​လဲ​ပြည်​သို့​သွား​မည်​ဟု မိန့်​တော်​မူ​သော်၊- ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် စိတ်​ပျက်​ကြ​သော်​လည်း အ​ကျွန်ုပ်​သည် စိတ်​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​မ​ငြင်း​မ​ပယ်​ပါ​ဟု သာ၍ ခိုင်​ခံ့​သော​စ​ကား​နှင့် လျှောက်​ပြန်၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။ ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊- ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊- ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ ရှေ့​မြွက်​ဆို​သည်​နည်း​တူ ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။- သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စေ​လွှတ်​သော​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို​ကိုင်​လျက် ချက်​ချင်း​လာ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း၍ လုံ​ခြုံ​စွာ ဆောင်​သွား​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။- ထို​သူ​တို့​သည် လာ၍ ကိုယ်​တော်​ကို​ဆွဲ​ကိုင် ဖမ်း​ဆီး​ကြ၏။- အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​သည် ဓား​ကို ဆွဲ​ထုတ်​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင်​တို့​သည် ဓား​ပြ​ကို ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား၊- ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊- ကျမ်း​စာ​ပြည့်​စုံ​မည် အ​ကြောင်း​တည်း​ဟု ထို​လူ​များ​ကို မိန့်​တော်​မူ၏။