ပရောဖက်ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။- အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကို ယူခြင်းငှာ မဝင်စေနှင့်။- လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။- အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။- ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။ ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်နိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာ ရှိသမျှကို ငါပြောနှင့်ပြီ။ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။- ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။ သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။- ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။- ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။- ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊- အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကို တွေ့လိမ့်မည်။- စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 13 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 13:14-37
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို