ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ် ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။- သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။- ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။- ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။- ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။- ထိုသို့ ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။ ထိုအခါယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။- ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊- ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။ ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သောသူအများတို့သည် များစွာသွင်းချကြ၏။- ဆင်းရဲသော မုဆိုးမတစ်ယောက်သည် လာ၍ တစ်ပဲလောက်တန်သော ကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။- ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုဆိုးမသည် သာ၍ သွင်းချခဲ့ပြီ။- အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။
ရှင်မာကု 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 12:28-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ