ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။- နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။- အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။- ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။- ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊- ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ သတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။- သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။- ငါတို့မျက်မှောက်၌လည်း၊ အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။ တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူတို့သည် ချဥ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။- အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။
ရှင်မာကု 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 12:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ