နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။- အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊- ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။ ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊- ဗိမာန်တော်အထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား ဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။- ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။ နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။- ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။- ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။- သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
ရှင်မာကု 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 11:12-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ