ယေရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်၍၊ ငါတို့သည်ယေရုရှလင်မြို့သို့ ယခုသွားကြ၏။- လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။- သူတို့သည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။- ကိုယ်တော်က၊ ငါသည်သင်တို့ကို အဘယ်သို့ ပြုစေချင်သနည်းဟု မေတော်မူသော်၊- ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊- အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။- သို့သော်လည်း ငါ့လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။- သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။- သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။ ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။- ထိုသူသည် မိမိအဝတ်ကို ပစ်ချထားပြီးလျှင်၊ ထ၍ ယေရှုထံတော်သို့သွား၏။- ယေရှုကလည်း၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- အရှင်ဘုရား အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လူကန်းလျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့ လိုက်လေ၏။
ရှင်မာကု 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 10:32-52
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ