လမ်းမှာကြွတော်မူစဉ်တွင် လူတစ်ယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊- ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည် တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။- တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်းမောတွေဝေခြင်း ရှိကြ၏။ တစ်ဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကို မှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- ကုလားအုတ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။- ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ ထိုအခါ၊ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။- ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။- နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မာကု 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 10:17-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ