ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။- လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။- ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသောစိတ် ရှိကြသနည်း။- အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။- လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။- ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။- လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။- ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။- ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။- ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။- ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။- ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့်တော်မူ၏။- ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- ၎င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။
ရှင်မဿဲ 9 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 9:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ