သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။- သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။- ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။- ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။- လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။- ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။- တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။- တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။- သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊- ငါးကို တောင်းလျှင် မြွေကိုပေးမည်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။- သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။- သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။ ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။- အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။- အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။- ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။- ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။- ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။- ကောင်းသောအသီး မသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။- သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။- သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။- ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။- ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။- အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။- အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။- မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောတော်မူ၏။- ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။- အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။
ရှင်မဿဲ 7 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 7:1-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ