မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။- သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။- လူတစ်ယောက်သည် ချက်ချင်းပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလေ၏။- ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆိုကြ၏။- ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။- ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။- သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊- ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။- ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။- ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။- ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။ ညအချိန်ရောက်မှ အရိမဿဲမြို့သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏တပည့်တော်ဖြစ်သည်နှင့်၊- ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊- ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊- ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။- မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
ရှင်မဿဲ 27 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 27
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 27:45-61
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို