နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည် ယေရှုကို သတ်အံ့သောငှာ တိုင်ပင်၍၊- ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊- အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။- ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တစ်ပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ ထိုငွေနှင့် ဝယ်ကြ၏။- ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။- ပရောဖက်ယေရမိ ဟောသည်ကား၊ ဣသရေလလူတို့သည် အဖိုးဖြတ်သောသူ၏ ကိုယ်ဖိုးငွေသုံးဆယ်ကို သူတို့သည်ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊- အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ရောက်လေ၏။ ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။- ပိလတ်မင်းကလည်း၊ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊- စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံ့ဩလေ၏။
ရှင်မဿဲ 27 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 27
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 27:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို