အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့ သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ ညဉ့်ဦးယံအချိန်ရောက်မှ တပည့်တော်တစ်ကျိပ်နှစ်ပါးတို့နှင့် အတူ စားပွဲ၌လျောင်းတော်မူ၏။- စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊- တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။- ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။- ကိုယ်တော်ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည်အတိုင်း မှန်သည်ဟု ပြန်ပြောတော်မူ၏။ ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။- ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။- ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။- ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။- သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်ဟု မိန့်တော်မူသော်၊- ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
ရှင်မဿဲ 26 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 26
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 26:17-46
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ