ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။- လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။ သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။- ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။- ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။- ရေလွှမ်းမိုးခြင်း မဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေ၍၊- ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။- ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
ရှင်မဿဲ 24 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 24
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 24:29-44
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ