ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။- ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။- လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။- ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။- အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။- လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။- ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။- အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။- လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ နောက်သို့ မပြန်စေနှင့်။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။- အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။- ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။
ရှင်မဿဲ 24 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 24
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 24:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ