လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကိုစစ်လျက်နှင့် ကုလားအုတ်ကို မျိုကြ၏။ လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။- မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။- လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။- ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။- လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊- ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြ၏။- ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဖို့ ကိုယ်သက်သေခံကြ၏။- သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကို မီအောင် ကျင့်ကြလော့။- မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။ ထိုကြောင့် ဗျာဒိတ်တော်အချက် ဟူမူကား ပရောဖက်ပညာရှိ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။- ထိုကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏အကြား၌ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ရောက်လိမ့်မည်။- ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။- အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။- သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။- ငါဆိုသည်ကား၊ ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမီ တိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။
ရှင်မဿဲ 23 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 23
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 23:23-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ