နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။- ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည် အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တစ်ဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။- ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညအချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍၊- ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။- ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကို ထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကို သတ်စေ၏။- ပရောဖက်ယေရမိ ဟောဖူးသည်ကား၊- ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။- ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊- သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှာ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။- ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့် သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော်၊- ဟေရုဒ်မင်းကြီး၏အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊- ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။
ရှင်မဿဲ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 2:12-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ