ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊- သူငယ်တစ်ယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ ထားပြီးမှ၊- ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။- ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။- အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကို ဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။- သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်ဖက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။ သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။- ထိုမှတစ်ပါး လူသားသည် ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။- တွေ့ပြီးလျှင်၊ လမ်းမလွဲ မပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတစ်ကောင်၌ သာ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။- ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။ ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။- သို့မဟုတ် သင်၏စကားကို နားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့။- ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူ ကဲ့သို့လည်းကောင်း၊ အခွန်ခံ ကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။- ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။- တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။- အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ င်ရှိသည်ဟုမိန့်တော်မူ၏။
ရှင်မဿဲ 18 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 18
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 18:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ