ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။- ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊- ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။ ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။- ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊- ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်း ဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူ၏။ ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။- လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။- ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲ 16 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 16:13-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ