ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။- ကိုယ်တော်ကလည်း၊ သင်တို့သည် ညဉ့်ဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခု မိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခု မိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်း ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။- ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှ ထွက်၍ ကြွတော်မူ၏။ တပည့်တော်တို့သည် ကမ်းတစ်ဖက်သို့ သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ၏။- ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။- တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသောသူတို့၊ သင်တို့၌မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။- မုန့်ငါးလုံးကို လူငါးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်း ကောက်သိမ်းသည်ကိုလည်းကောင်း၊ မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်းကောက်သိမ်းသည်ကို လည်းကောင်း၊- သင်တို့သည် နှလုံးမသွင်း မအောက်မေ့ဘဲ နေကြသေးသလော။- ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို ကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။- ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။- ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊- ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
ရှင်မဿဲ 16 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 16
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 16:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ