တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။- တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။- ထိုကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသော အရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။- မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။ တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။- စာငှက်နှစ်ကောင်ကို အဿရိတစ်ပြား အဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။- သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။- ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍ မြတ်ကြ၏။- အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်။ ဓားကို စေလွှတ်အံ့သောငှာ ငါလာသတည်း။ အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။- ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။- အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။- အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။- မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။- သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။- ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတ္တံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကိုလက်ခံသောသူသည် ဖြောင့်မတ်သောသူ၏အကျိုးကို ခံရလတ္တံ့။- အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ် တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။
ရှင်မဿဲ 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 10:24-42
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ